အားလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေတဲ့ iPhone X

Apple ဟာ iPhone 8၊ iPhone 8 Plus အသစ်တွေနဲ့ စမတ်လက်ပတ်နာရီ အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၂ ရက် ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ တစ်ကမ္ဘာလုံးရဲ့အာရုံကို ဖမ်းစားသွားတာကတော့ နှစ်ပတ်လည်အထူးထုတ် လက်ရာ တစ်ခုအဖြစ် ညွှန်းဆိုထားတဲ့ iPhone X ပါပဲ။

ရောမဂဏန်း ၁၀ ကို X ဆိုတဲ့သင်္ကေတနဲ့ ရေးသားထားတာကြောင့် iPhone X လို့ နာမည်ခေါ်ဆိုပေမယ့် အသံထွက်ကတော့ iPhone Ten ဖြစ်ပါတယ်။ Apple ဟာ iPhone 9 ဆိုတဲ့ အဆင့်ကိုကျော်ပြီး ဒီနာမည်ပေးတဲ့အကြောင်းရင်းကတော့ iPhoneတွေ စတင်ထုတ်လုပ်ရောင်းချမှု (၁၀) နှစ်တင်း တင်း ပြည့်မြောက်တဲ့အခြေအနေကို ဂုဏ်ပြုဖို့ဖြစ် ပါတယ်။

iPhone 8 မှာ ကြိုးမဲ့အားသွင်းနည်းပညာလို ပေါင်းစပ်မှုအသစ်တွေ ပါလာပေမယ့် လူတွေကတော့ iPhone X အကြောင်းကိုပဲ အထူးတလည် စိတ်ဝင်စားနေကြပါတယ်။ (၁၀)နှစ်ပြည့် အထူး ထုတ် iPhone နဲ့ပတ်သက်ပြီး မျှော်လင့်ချက် မြင့်မြင့်မားမားနဲ့ ကြိုတင်စောင့်မျှော်နေသူတွေ ကျေနပ်ရလောက်အောင် iPhone X ဟာ တော် လှန်ပြောင်းလဲမှု တော်တော်များများနဲ့ ပွဲထွက်လာ တာကို တွေ့ရပါတယ်။

အထင်ရှား၊ အမြင်သာဆုံးက iPhone မျိုး ဆက်တိုင်းမှာ စံသတ်မှတ်ချက်အနေနဲ့ ထည့်သွင်းထားတဲ့ Home Button ခလုတ်ကြီးကို ဖယ် ရှားခဲ့ပါတယ်။ ဒါကြောင့် iPhone X ရဲ့ Screen ဟာ ဖုန်းကိုယ်ထည်တစ်ခုလုံးအပြည့်နီးပါးထိ ကျယ်သွားပါတယ်။ ဖုန်းရဲ့ Screen အရွယ်အစားက ၅ ဒသမ ၈ လက်မအထိ ပိုကြီးသွားပေ မယ့် ကိုင်တွယ်ရတာအဆင်ပြေပြီး သက်သောင့် သက်သာရှိမယ့် ဒီဇိုင်းမျိုးဖန်တီးထားတယ်။ Screen ဖွဲ့စည်းပုံ အပြောင်းအလဲနဲ့ ကိုက်ညီမယ့် Feature သစ် တော်တော်များများပါရှိလာမယ်လို့ Apple က ဆိုပါတယ်။

Apple ရဲ့ နာမည်ကျော် အာကာသယာဉ် ပုံစံဌာနချုပ်အသစ်မှာပြုလုပ်တဲ့ မိတ်ဆက်ပွဲက ဖုန်းအသစ်သုံးမျိုးစလုံးကို iOS11 နဲ့ မောင်းနှင် စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ iPhone X ကတော့ Home Button အထောက်အပံ့တွေကို ဖယ်ရှား အစားထိုးထားတဲ့ အပြောင်းအလဲတွေ ပါရှိလာ နိုင်ပါတယ်။ iPhone X ရဲ့ Screen ဟာ တောက် ပပြီး အရောင်စိုပြည်တဲ့ OLED အမျိုးအစားဖြစ်ပြီး အရောင်တွေကို ပုံဖော်ကစားရာမှာ အများကြီး ပိုအားကောင်းလာမှာဖြစ်ပါတယ်။ Screen ရဲ့ Pixel သိပ်သည်းဆက 458ppi အထိရှိပါတယ်။ ပြီးတော့ 2436×1135 Resolution အတိုင်း အတာထိ ထောက်ပံ့ပေးမှာပါ။ Apple က ဒီ Screen ကို Super Retina Display လို့ ဝိသေသပြုခဲ့ပါတယ်။

ဖုန်းရဲ့ နောက်ဘက်မှာ 12 megapixel Dual ကင်မရာတွေပါရှိပြီး ကင်မရာနှစ်ခုစလုံးကို ပုံရိပ်တည်ငြိမ်မှုကို အထောက်အပံ့ပေးတဲ့ OIS စနစ်တွေ ဖြည့်တင်းပေးထားတယ်။ လူပုံတွေရိုက်ဖို့ သုံးတဲ့အခါ ကင်မရာကို Portrait Lighting Feature ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်။Selfie အတွက်တော့ ဖုန်းရှေ့ပိုင်းမှာ 7 megapixel ကင်မရာကို တပ်ဆင်ပေးထားတယ်။ အဲဒီမှာလည်း Portrait Mode ကို ထည့်သုံးလို့ရပါတယ်။

Home Button ကို ဖျောက်ခဲ့ခြင်းနဲ့အတူ အရင်မျိုးဆက် ဖုန်းတွေတုန်းက Home Button နဲ့တစ်ပါတည်းထည့်ပေးထားတဲ့ လက်ဗွေဖတ်လုံခြုံရေးစနစ်ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ အဲဒီအစားဖုန်းပိုင်ရှင်ရဲ့ မျက်နှာကိုမှတ်မိသိရှိစေမယ့် မှတ်သားမှုစနစ် (Face-Detection System)ကို ပြောင်း သုံးထားတယ်။ ဒီအပိုင်းနဲ့ပတ်သက်ပြီး မျက်နှာမှတ် သားမှုစနစ်ဟာ လက်ဗွေမှတ်သားမှုလောက် လုံခြုံ ရေးအထောက်အပံ့ကောင်း ပေးနိုင်၊ မပေးနိုင် အငြင်းပွားစရာတော့ရှိနေပါတယ်။ iPhone X ကို မျက်နှာရှေ့တည့်တည့်မှာထားလိုက်ရုံနဲ့ ဖုန်းကို Unlock လုပ်နိုင်မှာပါ။

Processor ပိုင်းမှာလည်း မျိုးဆက်အသစ် ပြောင်းသွားပြီး A11 Bionic Processor ကို အသုံးပြုမယ်လို့ သိရပါတယ်။ ဖုန်းရဲ့အနားစွန်းတွေကို ခပ်ပြေပြေ သိမ်သိမ်မွေ့မွေ့ ဖန်တီးထားပြီး ဖန်သားအလွှာနဲ့ ဖုံးအုပ်ထားပါတယ်။ Apple ရဲ့ နာမည်ကျော် အသံထိန်းချုပ်ခိုင်းစေစနစ် Siri ကို အသုံးပြုဖို့အတွက်တော့ Home Button အစား ဖုန်းကိုယ်ထည်ဘေးဘက်မှာ ပါလာတဲ့ ခလုတ်တစ်ခုကိုနှိပ်ပြီး Siri ကို အသက်သွင်း နိုင်မယ်လို့ဆိုပါတယ်။ iPhone ရဲ့ Touch ID အထောက်အပံ့ ပါမလာတော့ဘူးဆိုတာကတော့ iPhone X နဲ့ ပတ်သက်ပြီး နည်းနည်းစိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖုန်းကိုသရုပ်ပြတဲ့ အချိန်မှာ မျက်နှာမှတ်သားမှု လုံခြုံရေးစနစ်က ပုံမှန်အလုပ်မလုပ်တဲ့ တစ်ချက်ကလည်း အတော် လေးရုပ်ပျက်သွားပါတယ်။

တခြားအချက်အလက်တွေအနေနဲ့ ကြိုးမဲ့ အားသွင်းစနစ် အသုံးပြုနိုင်သလို ရေဒဏ်၊ အမှုန်အမွှားတွေ ဝင်ရောက်ဖျက်ဆီးမှုဒဏ်တွေကို ခံနိုင်ရည် ရှိပါလိမ့်မယ်။ Emoji တွေအလွယ်တကူ အသုံးပြုနိုင်တဲ့ Animoji စနစ်ကို ထည့်သွင်းပေးထားပြီး iOS 11 ရဲ့ ကောင်းမွန်ဆန်းပြားတဲ့ Feature သစ်တွေနဲ့ အဆင့်မြှင့်ထားတဲ့ Siri တို့ကို ဒီဖုန်းမှာ အသုံးပြုခွင့်ရမှာ ပါ။

အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ မီးခိုးရောင် (Space Grey) နှစ်ရောင်ပဲ လော လောဆယ် ရောင်းချဦးမှာဖြစ်ပါ တယ်။ ရွှေရောင် iPhone X ကိုတော့ လောလောဆယ် မျှော် လင့်နိုင်ခြေ မရှိသေးပါဘူး။ ဖုန်းရဲ့ သိုလှောင်မှု စွမ်းရည်ကိုတော့ 64GB နဲ့ 256GB နှစ်မျိုး ရွေး ချယ်ခွင့်ရှိပါလိမ့်မယ်။ iPhone 8 နဲ့ iPhone 8S တို့အတွက် ကြိုတင်မှာယူမှုတွေ စတင်လက်ခံတော့မှာ ဖြစ်ပေမယ့် iPhone X ကတော့ အောက်တိုဘာ ၂၇ ရက် မှာ ကြိုတင်မှာယူနိုင်ခွင့် စရှိလာ မှာပါ။ ပြီးတော့ နိုဝင်ဘာထက် စောပြီးတော့ ဈေးကွက်ထဲ ရောက် လာဦးမှာ မဟုတ်ပါဘူး။

ဖုန်းရဲ့ ဈေးကတော့ 64GBအတွက် ၉၉၉ ဒေါ်လာဖြစ်ပြီး 256GB အတွက် ဒီထက်တော်တော်များများ ပိုတောင်းမှာ သေချာပါတယ်။ အပြောင်းအလဲတွေ နဲ့ iPhone X ဟာ တန်ဖိုးကြီး အ ဆင့်မြင့် စမတ်ဖုန်းဈေးကွက်ကိုကြီးကြီးမားမား လှုပ်ခတ်ဦးမှာ သေချာပါတယ်။ လောလောဆယ်တော့ အင်တာနက်မှာ iPhone X အပေါ် မက်မက်မော မော လိုချင်စိတ်နဲ့ ဖန်တီးထားတဲ့ Meme တွေနဲ့ ပြည့်နှက်နေပြီး ဖုန်းဖိုးမတတ်နိုင်လို့ ကျောက်ကပ်ဘယ်နေရာမှာ ရောင်းရမလဲဆိုပြီးနောက်ပြောင် စုံစမ်းနေသူတွေ လည်း အများအပြားပါပဲ။ ဈေး ကွက်ထဲ ရောက်လာချိန်မှာ iPhone X ရဲ့ ဂယက်ဟာ ဘယ် လောက် ပိုပြီးပြင်းပြင်းထန်ထန် ရိုက်ခတ်ပြမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Credit: 7day daily news

Tagged with: