DJI တည်ထောင်သူ Wang Tao အာရှရဲ့ အသက်အငယ်ဆုံး နည်းပညာဘီလျံနာ ဖြစ်လာ

Yangon, 28.8.2017

ကမ္ဘာ့အကြီးဆုံး လူသုံးကုန် ဒရုန်းကုမ္ပဏီ DJI ကိုတည်ထောင်သူ Frank Wang Tao ဟာ Forbes မဂ္ဂဇင်းရဲ့ နည်းပညာနယ်ပယ်က အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပြီး အာရှရဲ့ အသက်အငယ်ဆုံး နည်းပညာဘီလျံနာ ဖြစ်လာခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် Wang ရဲ့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံဖြစ်ပြီး စာရင်းရဲ့ အဆင့် ၇၆ မှာ ရပ်တည်ခဲ့ပါတယ်။ ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (HKUST) ကနေ ဘွဲ့ရရှိခဲ့တဲ့ Wang ဟာ DJI ဒရုန်းကုမ္ပဏီကို ၂၀၀၆ ခုနှစ်က ရှန်ကျန်းမှာ တည်ထောင်ခဲ့ပြီး ကမ္ဘာ့ဒရုန်းဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ရယူခဲ့ပါတယ်။

အာရှရဲ့ အချမ်းသာဆုံး နည်းပညာဘီလျံနာက Alibaba Group Holding ကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ Jack Ma Yun ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး online shopping platform ရဲ့ပဲ့ကိုင်ရှင်ဖြစ်သူ Ma ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၃၇.၄ ဘီလျံဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့အကြီးဆုံး လူမှုကွန်ရက်အော်ပရေတာဖြစ်တဲ့ Tencent Holding တည်ထောင်သူ Pony Ma Huateng ကတော့ အမေရိကန်ဒေါ်လာ ၃၆.၇ ဘီလျံနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

Alibaba နဲ့ Tencent တို့ရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့တာကြောင့် ကုမ္ပဏီကိုတည်ထောင်သူတွေရဲ့ ကြွယ်ဝ မှုကလည်း မြင့်တက်လာခဲ့ပါတယ်။ Jack Ma ရဲ့ပိုင်ဆိုင်မှုဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁.၆ ဘီလျံ မြင့်တက်ခဲ့တာဖြစ်ပြီး Pony Ma ကတော့ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံ မြင့်တက်ခဲ့တယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

တရုတ်ဈေးကွက်ကိုကြီးစိုးထားတဲ့ Baidu internet search engine တည်ထောင်သူ Robin Li Yanhong ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလျံဖြစ်ပြီး အွန်လိုင်းလက်လီအရောင်းဆိုင် JD.com တည်ထောင်သူ Liu Qiangdong ရဲ့ပိုင်ဆိုင်မှုက ၁၀.၁ ဘီလျံဖြစ်ပါတယ်။

တရုတ် နည်းပညာဘီလျံနာတွေထဲမှာ ကြွယ်ဝချမ်းသာမှု အကျဆင်းဆုံးကုမ္ပဏီကတော့ Xiaomi ဖြစ်ပါတယ်။ ကုမ္ပဏီကို တည်ထောင်သူ Lei Jun ရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၉.၈ ဘီလျံရှိရာကနေ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆.၉ ဘီလျံအထိ ကျဆင်းသွားခဲ့ပါတယ်။

နည်းပညာနယ်ပယ်က အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းရဲ့ ထက်ဝက်ခန့်က အမေရိကန်တွေဖြစ်ပါတယ်။ Microsoft တွဲဖက်တည်ထောင်သူ Bill Gates ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၈၄.၅ ဘီလျံနဲ့အတူ ကမ္ဘာ့အချမ်းသာဆုံး နည်းပညာဘီလျံနာအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့အနောက်မှာတော့ Amazon.com ရဲ့တည်ထောင်သူ Jeff Bezos က အမေရိကန်ဒေါ်လာ ၈၁.၇ ဘီလျံနဲ့ ရပ်တည်နေပါတယ်။

တတိယနေရာမှာတော့ Facebook တွဲဖက်တည်ထောင်သူ Mark Zuckerberg က ရပ်တည်နေပြီး သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၆၉.၆ ဘီလျံ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် Zuckerberg ရဲ့ကြွယ်ဝမှုဟာ ၂၀၁၇ ခုနှစ် အတွင်း ၁၆ ဘီလျံ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Credit : Internet Journal