Grab က ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုပ်နှံမည်

Yangon, 28.8.2017

Grab အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လာမယ့်သုံးနှစ်အတွင်း အဲဒီပမာဏ ရင်းနှီးမြုပ်နှံမယ်လို့ ဆိုပါတယ်။ ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေကတော့ မြန်မာနိုင်ငံအနှံမှာရှိတဲ့ မြို့တွေမှာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ ချဲ့ထွင်ခြင်း၊ GrabPay အပါအ၀င် Grab suite ကနေတစ်ဆင့် အခြား ဝန်ဆောင်မှုစနစ်တွေ အသုံးပြုနိုင်ရန်စီစဉ်ခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ ရန်ကုန်မြို့အပြင် အခြားမြို့တွေမှာ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတွေပြေးဆွဲ နိုင်ဖို့အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင် သွားမယ်လို့ဆိုပါတယ်။ ၂၄ နာရီ ခေါ်ဆိုနိုင်မယ့် Call Center ဝန်ဆောင်မှုကိုလည်း တိုးချဲ့ဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ Grab အနေနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေမှာ အက်ပလီကေးရှင်း download ဆွဲ သူပေါင်း ၅၅ သန်းကျော်၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ပေါင်း ၈၇ မြို့မှာ မိတ်ဖက်ယာဉ်မောင်းပေါင်း ၁.၂ သန်းကျော်နဲ့ အငှားယာဉ် ဝန်ဆောင်မှုတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ Grap ကို အသုံးပြုမှုအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဒီဂျစ်တယ်ဆိုင်ရာနဲ့ ရင်းနှီးကျွမ်းဝင်လာစေဖို့၊ နိုင်ငံတစ်ဝန်း မိုဘိုင်းငွေပေးချေမှု အလေ့အထ ပျံ့နှံ့လာစေဖို့ လအနည်းငယ်ကတည်းက Grab app ထဲကနေ ငွေပေးချေနိုင်သည့်စနစ် ထည့်သွင်းပေးထားပြီး GrabPay စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့မတ်လကနေစပြီး ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နေ့စဉ် Grab အသုံးပြုပြီး အငှားယာဉ် ငှားရမ်းမှုပေါင်း နှစ်သောင်းခွဲရှိတယ်လို့ ဆိုပါတယ်။

Credit : Internet Journal